Quantcast
Channel: DHAMMA GARDEN CENTRE
Viewing all articles
Browse latest Browse all 145

ပညာဥာဏ်ကြီးမားလေ အမေ့ကျေးဇူးသိလေ

$
0
0

(၁)
ဘုရားရှင်က သူ့အမေ့အပ်ါမှာ ကျေးဇူးသိတတ်ပုံကို
အနည်းငယ်ရေးပြဘူးတယ်။
ဘုရားအလောင်းတော်ကို မွေးဖွားပြီး (၇) ရက်မြောက်မှာ မယ်တော်မဟာမာယာ နတ်ရွာစံသွားပြီး
နတ်ပြည်မှာ သန္တုဿိတအမည်နဲ့ နတ်သားသွားဖြစ်ပါတယ်။
ဆိုတော့ ဘုရားရှင်ဟာ နောက်ဆုံးဘ၀မှာ
မယ်တော် မဟာမာယာနဲ့ (၇) ရက်သာ တွေ့လိုက်ရပါတယ်။
ဒါပေမဲ့ ဘုရားရှင် ဘုရားဖြစ်ပြီးတဲ့နောက်
မယ်တော်မဟာမာယာကနေ ဘ၀ပြောင်းသွားတဲ့ သန္တုဿိတနတ်သားကို
သောတာပန်ဖြစ်သွားအောင် ၀ါတွင်းသုံးလပတ်လုံး
အဘိဓမ္မာတရားများဟောကြားပေးခြင်းအားဖြင့် ကျေးဇူးဆပ်ခဲ့ပါတယ်။

ဘုရားအဖြစ်သို့ရောက်ရှိပြီး ဘုရားရှင်ဖြစ်အပြီး
သူ့ဟာသူ အေးအေးလူလူနေမယ်ဆို နေလို့ရတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ
အေးအေးလူလူမနေပဲ
အမေ့ကျေးဇူးဆပ်ချင်လွန်းလို့ အလွန်ဝေးကွာလွန်းလှတဲ့ နတ်ပြည်အထိ ကြွချီကာ
တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခြင်းဖြင့် ကျေးဇူးဆပ်ခဲ့တာပါ။
ဘုရားရှင်က ပညာဥာဏ်ကြီးမားတော့ အမေ့ကျေးဇူးသိတာပေါ့။
(၂)
ရှင်သာရိပုတ္တရာကြီးကို ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။
ပညာဥာဏ်ဧတဒဂ်ရသူပါ။ ဘုရားရှင်ပြီးရင် ပညာအကြီးဆုံးပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။
တစ်နေ့…
ရှင်သာရိပုတ္တရာကြီးဟာ သူ့ဥာဏ်စွမ်းနဲ့ သူ့ကိုယ်သူ ပြန်လည်ကြည့်ရှုဆင်ခြင်မိတဲ့အချိန်..
မကြာခင် ပရိနိဗ္ဗာန်စံတော့မှာပါလားဆိုတာ သိသွားတယ်။
ဒါနဲ့ ရှင်သာရိပုတ္တရာကြီးက ဘုရားရှင်ကို
“တပည့်တော်ပရိနိဗ္ဗာန်ပြုပါရစေဘုရား၊ ဒီလိုပရိနိဗ္ဗာန်ပြုတဲ့အခါမှာ
တပည့်တော်မွေးဖွားရာ တိုက်ခန်းမှာပဲ ပြုပါရစေဘုရား၊
တပည့်တော်ရဲ့ မယ်တော်ကြီးဟာ မိစ္ဆာအယူမှာဘဲ ယုံကြည်သက်ဝင်ဆဲမို့
တပည့်တော်ရဲ့ မယ်တော်ကြီးကို ကျေးဇူးဆပ်ဖို့ ကျန်ပါသေးတယ်ဘုရား” လို့ လျှောက်ကြားပါတယ်။
တိုတိုပဲပြောကြပါစို့၊
နောက်ဆုံးတော့ သားဖြစ်သူ ရှင်သာရိပုတ္တရာကြောင့်
မိစ္ဆာအယူမှ သမ္မာအယူကူးပြောင်းကာ
မယ်တော်ကြီး ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ရပါတယ်။

အော်၊ ပညာဥာဏ်ကြီးသူဆိုတော့ အမေ့ကျေးဇူး သိပြီး
ရရာနည်းနဲ့ ရတဲ့အချိန်မှာ ကျေးဇူးဆပ်တော့တာပေါ့။
(၃)
မျက်မှောက်ခေတ်မှာလည်း မင်းကွန်းတိပိဋကဆရာတော်ကြီးကို လူတိုင်းသိကြပါတယ်။
မင်းကွန်းတိပိဋကဆရာတော်ကြီးကလည်း တိပိဋကစာမေးပွဲတွေပြီးတော့
သူနေထိုင်တဲ့ မင်းကွန်းက ကျောင်းထဲမှာ အဆောင်လေးတစ်ဆောင်ဆောက်စေပါတယ်။
ပြီးတော့ သူ့ဇာတိ မြင်းခြံနယ် ရွာက မယ်တော်ကြီးကို ခေါ်ထားပြီး
တရားအားထုတ်စေကာ လုပ်ကျွေးပြုစုပါတယ်။
၂ နှစ် ၃ နှစ်ကြာတော့ မယ်တော်ကြီးက ပျင်းလာသတဲ့။
ဒါနဲ့ ဇာတိဖြစ်တဲ့ မြင်းခြံက ရွာကိုပဲ ပြန်နေချင်ကြောင်း
သားတော် မင်းကွန်းတိပိဋကဆရာတော်ကြီးကို ပြောတာပေါ့။

မင်းကွန်းတိပိဋကဆရာတော်ကြီးကလည်း
“ပျော်တဲ့နေရာ၊ စိတ်ချမ်းသာတဲ့နေရာမှာသာ နေပါ၊
မယ်တော်ကြီးရွာပြန်နေမယ်ဆိုရင်လည်း ရွာမှာ အိမ်ဆောက်ပေးပါ့မယ်” လို့ပြောပြီး
သူ့ခေတ် သူ့အခါက ရွာမှာ ကျပ် ၇၀၀၀ တန်
အိမ်ကောင်းကြီးတစ်လုံးကို ဆောက်လုပ်ပေးသတဲ့။
အဲ့ခေတ်က ရွှေတစ်ကျပ်သားကို ၂၀၀ ကျပ်သာ ရှိသေးတဲ့အချိန်ဆိုတော့
ရွာမှာဆို အိမ်ကောင်းကြီးတစ်လုံးရတာပေါ့။
မင်းကွန်းတိပိဋကဆရာတော်ကြီးကလည်း အမေ့အတွက် အမေမသေခင်
ရရနည်းနဲ့ ကျေးဇူးဆပ်ခဲ့တာပါဘဲ။
အော်. . ပညာဥာဏ်ကြီးတဲ့ဆရာတော်ကြီးဆိုတော့ အမေ့ကျေးဇူး သိတာပေါ့။
(၄)
ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ကြည့်ပါအုံး။
တစ်နေ့ ဗိုလ်ချုပ်အောင်ဆန်း ဗမာပြည်အလယ်ပိုင်း သွားဘို့ ခရီးကြုံလာတယ်။
သူ့ရဲ့ ပီအေ ဖြစ်တဲ့ ဗိုလ်ထွန်းလှက
“ဗိုလ်ချုပ်၊ ကျနော်တို့ မြန်မာပြည်အလယ်ပိုင်း သွားစရာရှိတယ်၊
လေယာဉ်စီစဉ်ထားတယ်” လို့ပြောတယ်။
ဒီတော့ ဗိုလ်ချုပ်က
“မြန်မာပြည်အလယ်ပိုင်းသွားမှာဆို လေယာဉ်မစီစဉ်ပါနဲ့ကွ၊
ကားနဲ့စီစဉ်ပါ၊ ငါနတ်မောက်ကို ၀င်ပြီး အမေ့ကို ကန်တော့ချင်သေးတယ်” လို့ပြောတယ်။
ဒီလိုနဲ့ ကားနဲ့သွားဖြစ်ပြီး နတ်မောက်က သူ့အမေဒေါ်စုကို ၀င်ကန်တော့ရင်း
“အမေ၊ ကျနော်နဲ့ ရန်ကုန်လိုက်နေရင် နေ၊
ဒီနတ်မောက်မှာနေရင်လည်းပဲ ကျနော်က စားဝတ်နေရေး အကုန်တာဝန်ယူပါရစေ” လို့
ဗိုလ်ချုပ်က ပြောသတဲ့။
အသိဥာဏ်ကြီးမားတော့ အမေ့ကျေးဇူးကို သိပြီး ကျေးဇူးပြန်လည် ဆပ်ချင်တာပေါ့။
(၅)
နောက် ဦးသန့်၊ ကုလသမဂ္ဂအတွင်းရေးမှူချုပ်ဖြစ်ခဲ့သူ
သူ နယူးယောက်မှာ တာဝန်ထမ်းနေစဉ် မြန်မာပြည်ခဏပြန်လာပြီး
သူ့အမေနဲ့တွေ့တယ်။ သူ့အမေက လေယာဉ်ကွင်း ဆင်းကြိုတယ်။
လေယာဉ်ပေါ်က ဆင်းဆင်းချင်း အမေနေကောင်းရဲ့လားလို့ မေးပြီး ၀တ်ချတယ်။
ပြီးတော့ “အမေ၊ အမေရိကကို ကျနော်နဲ့ အတူ လိုက်နေချင်လဲ နေ၊
မြန်မာပြည်မှာနေရင်လဲ အမေ့စားဝတ်နေရေးအတွက် ကျနော်အကုန်တာဝန်ယူပါရစေ” လို့
ဦးသန့်ကလည်း ပြောတယ်တဲ့။
ပညာဥာဏ်ကြီးမားတဲ့သူများ အမေ့ကျေးဇူး သိတတ်လိုက်တာ။

(မနှစ်က ဒီနေ့တုန်းက ရေးခဲ့တာလေးပါ။)
မှတ်ချက်၊ ဘုန်းကြီးဦးရာဇတရားနှင့် ပိဋကတ်တော်လာတရားများကို မှီငြမ်းရေးသားပါသည်။

Viewing all articles
Browse latest Browse all 145

Trending Articles


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကားလိုင်စင်နံပတ်တွေ တိုက်စစ်ချင်သူတွေအတွက် 4P ထိ စစ်လို့ရမယ့် Myanmar Car...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ပထမဆုံး မြန်မာ့လေကြောင်းတိုက်ပွဲ


တာလေမြို့ ရန်အောင်ရွာတွင် တောင်သူ (၁၀၈)ဦးကို စိုက်ပျိုးနည်းပညာသင်တန်းပို့ချ


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ


မျက်မှန်တင်ဦး၏ မြေး နိုင်ငံအပေါ် သစ္စာဖောက် ဟု ဆို