Quantcast
Channel: DHAMMA GARDEN CENTRE
Viewing all articles
Browse latest Browse all 145

စပ်မိစပ်ရာ (၅) ရုပ်တု ဆင်းတု

$
0
0
ခုတလော မျက်စိတစ်ဖက်ပွင့်လာတဲ့ရုပ်ပွါးတော်၊ ဆံပင်ပေါက်လာတဲ့ရုပ်ပွါးတော်၊ ဘာညာရုပ်ပွါး တော်စသဖြင့်လူတွေ လံကြုပ်လုပ်တဲ့ ရုပ်ပွါးတော်တွေအကြောင်းမကြာခဏဖတ်နေရတယ်။အရင့်အရင် ကတည်းကနှုတ်ခမ်းမွှေးတပ်တဲ့ ရုပ်ပွားတော် ၊မျက်မှန်တပ်တဲ့ ရုပ်ပွားတော်၊ မှဲ့တပ်သော ရုပ်ပွားတော်၊ နဖူး၌ အဖုတပ်သော ရုပ်ပွားတော်၊ လက်စွပ်ဝတ်သော ရုပ်ပွားတော်၊ မြွေပတ်သော ရုပ်ပွားတော်၊ ဆင်စီး မြင်းရံ ရုပ်ပွားတော် စသဖြင့် အမျိုးမျိုး ထုလုပ်ခဲ့ကြတယ်။
တချို့က ဒက္ခိဏသာခါဘုရား အိမ်မှာထားကိုးကွယ်ရင် မီးကွင်းတယ်လို့ ယုံကြည်ကိုးကွယ် ကြ တယ်။ဒက္ခိဏသာခါဘုရားဆိုတာ မဟာဗောဓိပင် တောင်ဘက်အရပ်ကိုဖြာထွက်နေတဲ့ အကိုင်းအခက်ကို ခုတ်ပြီး ဘုရားရှင်ရုပ်တုပြုလုပ်ထားတဲ့ ဆင်းတုတော်ပါ။ တောက်ဘက်ကို ဒက္ခိဏ၊ အကိုင်းအခက်ကို သာခါ။ ဆိုတော့ ဒက္ခိဏသာခါပေါ့။ ဒက္ခိဏသာခါဘုရားပေါ့။ မဟာဗောဓိအသားက ရှားပါးတော့
ရသလောက် အသားလေးနဲ့ ဘုရားရုပ်တု ထုထားတယ်ထင်ပါရဲ့။ ဒက္ခိဏသာခါဘုရားက အတော့်ကို အချိုး အစားမပြေပြစ်တာ။ ပုတက်တက် ပုကွကွလေးဖြစ်နေပါတယ်။ ဖူးရတာ သက်တောင့်သက်သာ မဖြစ်လှဘူး။
တကယ်တမ်းဖြစ်သင့်တာက သစ်သားကောင်းကောင်းနဲ့ ဘုရားရှင်ရုပ်တုကို သေသေချာချာ သပ်သပ်ယပ်ယပ် ထုလုပ်ပြီး ကိုးကွယ်တာ ပိုကောင်းပါတယ်။ ဘယ်သစ်သားနဲ့ထုထု ဘုရားရှင်ဆိုတာ အတူတူပါဘဲ။
တကယ်တော့ မြန်မာပြည်မှာရှိနေတဲ့ ဒက္ခိဏသာခါရုပ်ပွါးတော်ပုံဟာ ကြည်ညိုဖွယ်မဖြစ်ပါဘူး။ မြင် ရသူ ဖူးရသူနှလုံးသားကို ငြိမ်းချမ်းမှု မပေးပါဘူး။ ဒက္ခိဏသာခါရုပ်ပွါးတော်မှ မဟုတ်ပါဘူး။ ဘုရားစောင်း တန်းမှာရှိတဲ့ တချို့ဗုဒ္ဓရုပ်ပွါးတော်တွေဟာ အချိုးအစား မပြေပြစ်ပါဘူး။ ခုခေတ်ဘုရားရှင်ရုပ်ပွါးတော်တွေကို ထုလုပ်သူတွေက ပြီးပြီးရော ထုကြလို့လားမသိဘူး။ တချို့ရုပ်ပွါးတော်တွေဆိုရင် ဘုရားရှင်ရုပ်လုံးကို မပေါ်ပါဘူး။
ဆရာတော်ကြီးတစ်ပါးမိန့်တာကတော့ ရှေးရှေးတုန်းက ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့သူတွေက တကယ့်ပညာရှိကြီးတွေတဲ့။ ပါဠိစာပေတတ်ကျွမ်းတဲ့သူတွေဖြစ်တယ်တဲ့။ ဘုရားရှင်ရုပ်ပွါးတော်တွေကို ထု ဆစ်တဲ့အခါမှာ ပါဠိစာပေထဲမှာဖော်ပြထားတဲ့ ဘုရားရှင်ရူပကာယပုံသဏ္ဌာန်အတိုင်း ထုဆစ်ကြတယ်တဲ့။
ခုခေတ်မှာတော့ ဘုရားရှင်ရုပ်ပွါးတော်ကို ကြည့်ကောင်းတာ မကောင်းတာ ဂရုမစိုက်တော့ပါဘူး။ ဘုရားစောင်းတန်းဈေးကွက်ထဲမှာ ရုပ်ပွါးတော်တွေကို သူ့ထက်ငါ အလုအယက်ထုဆစ်ကာ ရောင်းချနေကြ ပါပြီ။
ဘုရားရှင်ရုပ်ပွါးတွေကို ထုဆစ်တဲ့အခါ ကို့ယို့ကားယားမဖြစ်အောင် ကြည်ညိုဖွယ်ရုပ်တုတွေ ထုနိုင်အောင် သာသနာရေးဌာနနဲ့ သံဃာ့နာယကဆရာတော်ကြီးများ၊ ပါဠိဗုဒ္ဓဘာသာတတ်ကျွမ်းတဲ့ ပန်းပု ပညာရှင်ကြီး များပူးပေါင်းကာ သင်တန်းများပေးသင့်ပါတယ်။ ထုလုပ်ပြီးတဲ့ ဘုရားရှင်ရုပ်ပွါးတော်တွေကို လည်း ပါဠိစာပေမှာပါရှိတဲ့ ဘုရားရှင်ရူပကာယပုံသဏ္ဌာန်စံချိန်စံနှုန်းနဲ့ ညီမညီ ကိုက်မကိုက် စီစစ်ဖို့ရန် သာသနာရေး ဌာနနဲ့ သံဃနာယကအဖွဲ့ကို တင်ပြသင့်ပါတယ်။ အားလုံးစီစစ်ပြီး လက်မှတ်ထိုးပြီးမှ ရုပ်ပွါးတော်တွေကို ဘုရားစောင်းတန်းဈေးတန်းတွေမှာ ရောင်းချခွင့်ပြုသင့်ပါတယ်။ ဒီလိုမလုပ်ရင် ဘုရား ရုပ်တုတွေကို ထုချင်သလိုထုပြီး  ဖြစ်ချင်သလိုဖြစ်နေမှာပါ။
ဒါကလည်း မြန်မာနိုင်ငံမှာပဲ ဖြစ်နေတယ်ထင်ပါတယ်။ သီဟိုဠ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ဘုရားရှင် ရုပ်ပွါးတော်တွေဟာ မြန်မာပြည်က ရုပ်ပွါးတော်တွေလောက် ကို့ရို့ကားယားမနိုင်တာ တွေ့ရတယ်။ သီဟိုဠ် နိုင်ငံက ရုပ်ပွါးတော်ကိုပဲ ကြည့်ကြည့်၊ ထိုင်းနိုင်ငံက ရုပ်ပွါးတော်ကိုပဲ ကြည့်ကြည့်၊ များသောအားဖြင့် ထုလုပ်ပုံ ပုံစံတူညီတာကို တွေ့ရတယ်။ ဒါဟာ သူတို့နိုင်ငံက ရုပ်ပွါးတော်တွေက ပိုကောင်းတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မြန်မာပြည်က ရုပ်ပွါးတော်တွေထဲမှာ အင်မတန်လက်ရာပြောင်မြောက်တဲ့ ကြည်ညို ဖွယ်ကောင်းတဲ့ ရုပ်ပွါးတော်တွေ အများကြီးပါ။
ပြောချင်တာက သူတို့နိုင်ငံမှာ ဘုရားရှင်ရုပ်ပွါးတော်ထုရင် သတ်မှတ်ထားတဲ့ စံ၊ သတ်မှတ်ထားတဲ့ (ဗဟိုရ်) မူ ရှိပုံပေါ်ပါယ်။ ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့အခါ သတ်မှတ်ချက်စံ၊ မူ ရှိသင့်ပါတယ်။ ဒါလဲ မြန်မာပြည်မှာ မဖြစ်နိုင်စရာ မရှိပါဘူး။ မြန်မာနိုင်ငံမှာက သာသနာရေးဌာနနဲ့ သံဃနာယကအဖွဲ့ရှိပြီးသားပါ။
လုပ်ဖို့ပဲ လိုတာပါ။ အဲ့လိုမလုပ်ရင် မန္တလေးလက်ရာ၊ စစ်ကိုင်းလက်ရာ၊ မုံရွာလက်ရာ၊ ရန်ကုန်လက်ရာ စသဖြင့် ဂေါတမဘုရားရှင်တစ်ဆူထဲကို တစ်ခေတ်ထဲမှာ ပုံစံအမျိုးမျိုးနဲ့တွေ့နေရတော့ သိပ်တော့ မကောင်း လှပါဘူး။ ဒီလိုပုံစံအမျိုးမျိုးတွေကွဲနေတော့ ဘာသာရေးဗဟုသုတနည်းသူတွေနဲ့ တခြားဘာသာဝင် တွေက ဘုရားတွေပဲ ပေါများနေသလိုလို ထင်လာပါတယ်။
နောက်ပြီး ဒီလိုပုံစံတွေ ကွဲနေတဲ့ကြားက ဂေါတမဘုရားတစ်ဆူတည်ကို ဒက္ခိဏသာခါဘုရား၊ အလိုတော်ပြည့်ဘုရား၊ မဟာသွံသာရဘုရား စသဖြင့် နာမည်အမျိုးမျိုးပေးထားပြန်ပါတယ်။ ဂေါတမဘုရား ရှင် တစ်ဆူတည်းကို ဒီလိုမျိုးနာမည်အထူးအဆန်းတွေပေးထားပြန်တော့ လူတွေ ဇဝေဇ၀ါဖြစ်ကုန်ပြန်ရော။
ဗုဒ္ဓရုပ်ပွါးတော်တွေ ထုလုပ်ရာမှာ စနစ်တကျ စည်းကမ်းရှိရှိ ထုလုပ်ရမှာဖြစ်သလို ဗုဒ္ဓသားတော် ဖြစ်တဲ့ သံဃာတော်တွေ ၀တ်ရုံတဲ့သင်္ကန်းကိုလည်း သာသနာရေးဝန်ကြီးဌာနမှ အတည်ပြုချက် ထောက်ခံ ချက် ရယူပြီးမှ သင်္ကန်းတွေကို ရောင်းချခွင့်ပြုသင့်ပါတယ်။
ဘာပြုလို့လဲဆိုတော့ အချို့စီးပွါးရေးသမားတွေက သူတို့ရဲ့ စီးပွါးဖြစ်ရေးကိုသာဦးတည်ပြီး အရောင် အမျိုးမျိုးကို အ၀တ်စအမျိုးမျိုးနဲ့ သင်္ကန်းအဖြစ် ချုပ်လုပ်ရောင်းချနေလို့ပါ။ ဟိုတလောက ဦးဇင်းလေး တစ် ပါးဝတ်လာတဲ့သင်္ကန်းစဆိုရင် သင်္ကန်းစမှာ ပန်းလိုအပွင့်တွေတောင် ပါနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် သင်္ကန်းချုပ်တဲ့အခါမှာလည်း သင်္ကန်းဆိုင်ပိုင်ရှင်များအနေနဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ အတည်ပြုမှုကို ဦးစွာ ရယူသင့်ပါတယ်။

Viewing all articles
Browse latest Browse all 145

Trending Articles